Tuesday, January 27, 2009

ရှုံးမုန်း တပြုံးပြုံး

အရှုံးကိုကြောက်သူ
အရှုံးနှင့်တွေ့ခိုက်
အမုန်းကိုကြောက်သူ
အမုန်းနှင့်တွေ့ခိုက်
အပြုံးကိုကြိုက်သူ
မပြုံးနိုင်ခိုက်...
အရှုံးနှင့်အပြုံး
အမုန်းနှင့်အပြုံး
အစဉ်အမြဲ
ဒွန်တွဲနေနိုင်ပါစေ...။

၁၀း၀၀ am
၂.၂.၉ ၇

Thursday, January 22, 2009

စိတ်ကြီးတယ်

စိတ်တွေတိုလာပြီနော်။
ငါ့ အချစ်တွေ expire မဖြစ်ခင်
အမြန်ပြန်ချစ်ရင်ချစ်...။
မချစ်ရင်တော့
ဖြစ်ချင်ရာဖြစ်
ငါ..အပျိုကြီးစစ်စစ်လုပ်မိတော့မယ်...။

၇း၁၀ pm
January 22 2009


(ဒီနေ့ ညစာစားတာ တော်တော်လေးများသွားလို့ စားပိုးနင့်နေတာနဲ့ လျက်စားစားမလို့ ကြည့်တော့ လျက်စားဘူးက expire ဖြစ်နေရော။အဲ့ဒါနဲ့ idea ရပြီး ပျင်းပျင်းနဲ့ ရေးလိုက်တာ။ အင်း...ဘာမှလဲမဆိုင်ပါလားနော်။ ;P)

Tuesday, January 20, 2009

ကျွန်မနဲ့ ကျွန်မရဲ့အကျင့်

ကျွန်မမှာ ငယ်ငယ်လေးကတည်းက အကျင့်တစ်ခုရှိတယ်။ ကျွန်မ အရမ်းကြိုက်တဲ့၊ အရမ်းမြတ်နိုးတဲ့ အရုပ်ကလေးတွေ၊ ပစ္စည်းလေးတွေကို ကျွန်မဘေးနားမှာထားပြီး အိပ်တတ်တယ်။ အဲ့ဒီ အရုပ်ကလေးတွေ၊ပစ္စည်းလေးတွေထဲကမှ ကျွန်မရဲ့အကြိုက်ဆုံး အချစ်ဆုံးအရုပ်ကလေးတွေဆိုရင်တော့ ကျွန်မရဲ့ခေါင်းအုံးအောက်မှာ ထားအိပ်လေ့ရှိတယ်။ သူတို့ကို တရေးနိုးထစမ်းကြည့်လို့ရတယ်လေ။ ပြီးတော့ မနက်ရောက်ရင်လဲ လက်က ခေါင်းအုံးအောက်ကို ရောက်နေပြီ။ အဲ့ဒီ အကျင့်ရှိတာ မှတ်မှတ်ရရ ကျွန်မ ၃ နှစ်ခွဲ ၄ နှစ် လောက်ကတည်းကပဲ။

ကျွန်မ ၄ နှစ်အရွယ်မှာ ဖေဖေနဲ့မေမေ တာဝန်ကျတဲ့ နမ့်ခမ်းဆိုတဲ့ နယ်စပ်မြို့လေးမှာ သွားနေခဲ့တယ်။ တစ်ရက် မေမေနဲ့ တရုတ်ပြည်ဘက် သွားလည်ရင်း လမ်းမှာ အရမ်းလှတဲ့ တယောအရုပ်လေးတွေ ရောင်းတဲ့ဆိုင်ကလေးကို တွေ့တယ်။ တယောလေးတွေက လူကြီး လက်ဝါးတစ်ဝါးစာလောက်ပဲ ရှိတယ်။ ကျွန်မ မျက်လုံးထဲမှာ တော့ အင်မတန်လှပြီး လိုချင်စရာကောင်းတဲ့ တယောလေးတွေပေါ့။ မေမေ့ကို ပူဆာတော့ တယောလေး တစ်လက်ရလာခဲ့တယ်။ ဘာပြောကောင်းမလဲ။ အဲ့ဒီတစ်နေ့လုံး ဘယ်သွားသွား ဒီတယောလေးနဲ့ပဲ။ မခွဲဘူး။ ညအိပ်တာတောင်မှ ဒီတယောလေးကို ခေါင်းအုံးအောက်ထဲ ထားအိပ်တာ။ တရေးနိုး အိပ်ချင်မူးတူးနဲ့ တယောလေးကို စမ်းရတာ အမော။ နောက်နေ့ မိုးလင်းတော့ နိုးနိုးချင်း တယောလေးကို ခေါင်းအုံးအောက်ထဲက ထုတ်ကြည့်တော့ တယောလေးက နှစ်ပိုင်းကျိုးနေပြီ။ ဘဝမှာ ပထမဆုံးအကြိမ် ကိုယ်မြတ်နိုးတဲ့ အရာဆုံးရှုံးခြင်းနဲ့ ဝမ်းနည်းခြင်းဆိုတာကို မှတ်မှတ်ရရခံစားခဲ့ဖူးတာပဲ။

တယောကျိုးလေးကို ကိုင်ပြီးငိုတာပေါ့။ ရှိုက်ကြီးတငင်ကို ငိုတာ။ မနက်စာလည်း မစားတော့ဘူး။ မေမေက နောက်တယောလေး တစ်လက် ထပ်ဝယ်ပေးမယ်ပြောမှ အငိုတိတ်တော့တယ်။ ဒါပေမယ့် ဒီတယောလေးကိုပဲ ကြည့်ကြည့်ပြီး ငိုနေလို့ မေမေက ကျွန်မ အလစ်မှာ တယောအကျိုးလေးကို လွှင့်ပစ်ပြီး အသစ်တလက်ကို အမြန်ပြန် ဝယ်ပေးခဲ့တယ်။ တယောအသစ်လေးရတော့လည်း ပျော်လိုက်တာ။ ပြောမနေပါနဲ့တော့။ တစ်နေ့လုံး တယောလေးနဲ့ ကစားတာ လက်ကကိုမချဘူး။ ညဘက် အိပ်ချိန်ရောက်တော့ ထုံးစံအတိုင်း ခေါင်းအုံးအောက်ထဲထားပြီး အိပ်မလို့ ပြင်နေတုန်း မေမေက ရှင်းပြတယ်။ ခေါင်းအုံးအောက်ထဲ ဖိအိပ်မိလို့ ပထမတယောလေး ကျိုးသွားတဲ့ အကြောင်း။ အဲ့ဒါနဲ့ တယောလေးကို ကျွန်မဘေးနားပဲ ထားအိပ်လိုက်တော့တယ်။အဲ့ဒီ အကျင့်က အခုထိကို မပျောက်ဘူး။

ဟို တစ်နေ့က မနက်အိပ်ယာနိုးတော့ ကျွန်မခေါင်းအုံးအောက်ကို အမှတ်တမဲ့ ကြည့်မိတော့ အို....ကျွန်မရဲ့ အိပ်မက် တချို့ အပိုင်းပိုင်း တစစီကျိုးနေပါလား...။ချက်ချင်းပဲ သိလိုက်တယ်။ ဟုတ်တာပေါ့။ ညံ့လိုက်တဲ့ ကျွန်မ။ အိပ်မက်တွေဆိုတာ ဘယ်လောက်ပဲချစ်စရာကောင်းကောင်း၊ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ ခေါင်းအုံးအောက်ထဲမှာ ရှိမနေသင့်ဘူးလေ။ ဒီတခါတော့ အိပ်မက် အကျိုးတွေကို စိတ်ရှည်လက်ရှည် ပြန်ဆက်ပြီး အသုံးဝင်အောင် အကောင်အထည်ဖော်ဦးမှ။

Saturday, January 17, 2009

ဇွတ်တရွတ်

ဟိုး...ရှေ့မှာ
စိမ်းပြာပြီး ကြည်လင်တဲ့
ရေကန်ကြီးတစ်ခု...။
အကျည်းတန်ဆိုင်းဘုတ်တစ်ခုက
ဤရေကန်တွင် ငါးမမျှားရတဲ့...။
ဘယ်သူပြောလဲ။
ငါးလာမျှားတာလို့...။
ဒီလောက်လှတဲ့ရေကန်မှာ
ရေ ဝအောင်ကို ကူးဦးမှာ...။

ဟိုး...ရှေ့မှာ
စိမ်းလန်းပြီး လှပတဲ့
ပန်းဥယျာဉ်ကြီးတစ်ခု...။
အကျည်းတန်ဆိုင်းဘုတ်တစ်ခုက
ဤဥယျာဉ်တွင် ပန်းမခူးရတဲ့...။
ဘယ်သူပြောလဲ။
ပန်းလာခူးတာလို့...။
ဒီလောက်မွှေးပျံ့တဲ့ ပန်းရနံ့တွေ
အားရအောင်ကို နမ်းဦးမှာ...။

ဟိုး...ရှေ့မှာ
ဖြူစင်ပြီး အေးချမ်းတဲ့
လူတစ်ယောက်...။
အကျည်းတန်အဖြစ်တစ်ခုကြောင့်
သူ့နှလုံးသားမှာ အချစ်မရှိတော့ဘူးတဲ့...။
ဘယ်သူပြောလဲ။
သူ့အချစ်ကိုလိုချင်တာလို့...။
ဒီလောက်အပြစ်ကင်းတဲ့လူကို
ကူညီပြီး ချစ်လိုက်ဦးမှာ...။

8:21 pm
January 17 2009

Friday, January 9, 2009

ရူးမိုက်ခြင်း...

ပူမှန်းသိသိ
ငါကိုင်မိ...။
နောက်ဆုတ်ဖို့သတ္တိ
ငါ့မှာမရှိ...။

စူးမှန်းသိသိ
ငါဆုပ်မိ...။
နှုတ်ပစ်ဖို့သတ္တိ
ငါ့မှာမရှိ...။

နစ်မှန်းသိသိ
ငါတိုးမိ...။
ရုန်းထွက်ဖို့သတ္တိ
ငါ့မှာမရှိ...။

စွဲစွဲငြိငြိ
ငါချစ်မိ...။
မုန်းမေ့ဖို့သတ္တိ
ငါ့မှာမရှိ...။

အချစ်အင်အား
ပေးသနားကာ
ငါ့အားလှည့်စား
ပျော်ပါးခဲ့တဲ့
နင့်အားမမေ့ပြီ....။

January 21 1997

(ဒီကဗျာလေးကို လွန်ခဲ့တဲ့ ၁၁ နှစ်လောက်ကရေးခဲ့တာပါ။ဘာ့ကြောင့်ရေးခဲ့မှန်းလည်း မသိတော့ပါဘူး...။ဒါပေမယ့် အခု ပြန်ဖတ်ကြည့်ပြီး ကြိုက်လို့ တင်လိုက်တာ။) =)

Wednesday, January 7, 2009

လူရိုင်း နှစ်ယောက်

ငါ့ရဲ့ကပွဲကို
မဖိတ်ခေါ်ပဲရောက်လာတဲ့ မင်း...။
ပျင်းစရာကောင်းလိုက်တဲ့ ပွဲလို့တော့
မပြောသင့်ဘူး ထင်တာပဲ...။
ယဉ်ကျေးစွာနဲ့ရိုင်းရရင်
ပြန်ပါတော့။
မင်းမြန်မြန်ပြန်ပါတော့...။

၁၂း၂၈ pm
ီDecember 15 2008

Saturday, January 3, 2009

2009 new year ည အမှတ်တရ

ခပ်မြူးမြူးသံစဉ်တွေနဲ့
ခပ်ပြင်းပြင်း Vodkaတွေ
တွဲကတဲ့ည...။

အတွင်းမှာ
ပန်းတွေပွင့်ပြီး ဆူညံတဲ့ည...။

အပြင်မှာ
ကြယ်တွေကြွေပြီး အေးချမ်းတဲ့ည...။

အတိတ်နဲ့အနာဂတ်
စကားတွေပြောတဲ့ည...။

ပစ္စုပန်
ငုတ်တုတ်မူးတဲ့ည...။

အမှောင်ထဲမှာ ကုလားအုတ်လေးကောင်ကို
မီးရှို့ပြာချတဲ့ည...။

သိပ်အေးပေမဲ့
သိပ်နွေးနေတဲ့ည...။

Janus နတ်ဘုရား
ဝတ်ရုံဟောင်းခွာပြီး
ဝတ်ရုံသစ်လဲတဲ့ည...။

အဲ့ဒီည...။

(2009 new year ည အမှတ်တရ ;p)