Tuesday, January 20, 2009

ကျွန်မနဲ့ ကျွန်မရဲ့အကျင့်

ကျွန်မမှာ ငယ်ငယ်လေးကတည်းက အကျင့်တစ်ခုရှိတယ်။ ကျွန်မ အရမ်းကြိုက်တဲ့၊ အရမ်းမြတ်နိုးတဲ့ အရုပ်ကလေးတွေ၊ ပစ္စည်းလေးတွေကို ကျွန်မဘေးနားမှာထားပြီး အိပ်တတ်တယ်။ အဲ့ဒီ အရုပ်ကလေးတွေ၊ပစ္စည်းလေးတွေထဲကမှ ကျွန်မရဲ့အကြိုက်ဆုံး အချစ်ဆုံးအရုပ်ကလေးတွေဆိုရင်တော့ ကျွန်မရဲ့ခေါင်းအုံးအောက်မှာ ထားအိပ်လေ့ရှိတယ်။ သူတို့ကို တရေးနိုးထစမ်းကြည့်လို့ရတယ်လေ။ ပြီးတော့ မနက်ရောက်ရင်လဲ လက်က ခေါင်းအုံးအောက်ကို ရောက်နေပြီ။ အဲ့ဒီ အကျင့်ရှိတာ မှတ်မှတ်ရရ ကျွန်မ ၃ နှစ်ခွဲ ၄ နှစ် လောက်ကတည်းကပဲ။

ကျွန်မ ၄ နှစ်အရွယ်မှာ ဖေဖေနဲ့မေမေ တာဝန်ကျတဲ့ နမ့်ခမ်းဆိုတဲ့ နယ်စပ်မြို့လေးမှာ သွားနေခဲ့တယ်။ တစ်ရက် မေမေနဲ့ တရုတ်ပြည်ဘက် သွားလည်ရင်း လမ်းမှာ အရမ်းလှတဲ့ တယောအရုပ်လေးတွေ ရောင်းတဲ့ဆိုင်ကလေးကို တွေ့တယ်။ တယောလေးတွေက လူကြီး လက်ဝါးတစ်ဝါးစာလောက်ပဲ ရှိတယ်။ ကျွန်မ မျက်လုံးထဲမှာ တော့ အင်မတန်လှပြီး လိုချင်စရာကောင်းတဲ့ တယောလေးတွေပေါ့။ မေမေ့ကို ပူဆာတော့ တယောလေး တစ်လက်ရလာခဲ့တယ်။ ဘာပြောကောင်းမလဲ။ အဲ့ဒီတစ်နေ့လုံး ဘယ်သွားသွား ဒီတယောလေးနဲ့ပဲ။ မခွဲဘူး။ ညအိပ်တာတောင်မှ ဒီတယောလေးကို ခေါင်းအုံးအောက်ထဲ ထားအိပ်တာ။ တရေးနိုး အိပ်ချင်မူးတူးနဲ့ တယောလေးကို စမ်းရတာ အမော။ နောက်နေ့ မိုးလင်းတော့ နိုးနိုးချင်း တယောလေးကို ခေါင်းအုံးအောက်ထဲက ထုတ်ကြည့်တော့ တယောလေးက နှစ်ပိုင်းကျိုးနေပြီ။ ဘဝမှာ ပထမဆုံးအကြိမ် ကိုယ်မြတ်နိုးတဲ့ အရာဆုံးရှုံးခြင်းနဲ့ ဝမ်းနည်းခြင်းဆိုတာကို မှတ်မှတ်ရရခံစားခဲ့ဖူးတာပဲ။

တယောကျိုးလေးကို ကိုင်ပြီးငိုတာပေါ့။ ရှိုက်ကြီးတငင်ကို ငိုတာ။ မနက်စာလည်း မစားတော့ဘူး။ မေမေက နောက်တယောလေး တစ်လက် ထပ်ဝယ်ပေးမယ်ပြောမှ အငိုတိတ်တော့တယ်။ ဒါပေမယ့် ဒီတယောလေးကိုပဲ ကြည့်ကြည့်ပြီး ငိုနေလို့ မေမေက ကျွန်မ အလစ်မှာ တယောအကျိုးလေးကို လွှင့်ပစ်ပြီး အသစ်တလက်ကို အမြန်ပြန် ဝယ်ပေးခဲ့တယ်။ တယောအသစ်လေးရတော့လည်း ပျော်လိုက်တာ။ ပြောမနေပါနဲ့တော့။ တစ်နေ့လုံး တယောလေးနဲ့ ကစားတာ လက်ကကိုမချဘူး။ ညဘက် အိပ်ချိန်ရောက်တော့ ထုံးစံအတိုင်း ခေါင်းအုံးအောက်ထဲထားပြီး အိပ်မလို့ ပြင်နေတုန်း မေမေက ရှင်းပြတယ်။ ခေါင်းအုံးအောက်ထဲ ဖိအိပ်မိလို့ ပထမတယောလေး ကျိုးသွားတဲ့ အကြောင်း။ အဲ့ဒါနဲ့ တယောလေးကို ကျွန်မဘေးနားပဲ ထားအိပ်လိုက်တော့တယ်။အဲ့ဒီ အကျင့်က အခုထိကို မပျောက်ဘူး။

ဟို တစ်နေ့က မနက်အိပ်ယာနိုးတော့ ကျွန်မခေါင်းအုံးအောက်ကို အမှတ်တမဲ့ ကြည့်မိတော့ အို....ကျွန်မရဲ့ အိပ်မက် တချို့ အပိုင်းပိုင်း တစစီကျိုးနေပါလား...။ချက်ချင်းပဲ သိလိုက်တယ်။ ဟုတ်တာပေါ့။ ညံ့လိုက်တဲ့ ကျွန်မ။ အိပ်မက်တွေဆိုတာ ဘယ်လောက်ပဲချစ်စရာကောင်းကောင်း၊ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ ခေါင်းအုံးအောက်ထဲမှာ ရှိမနေသင့်ဘူးလေ။ ဒီတခါတော့ အိပ်မက် အကျိုးတွေကို စိတ်ရှည်လက်ရှည် ပြန်ဆက်ပြီး အသုံးဝင်အောင် အကောင်အထည်ဖော်ဦးမှ။

2 comments:

Anonymous said...

good writing :P

by reading it, i also wanna glue back my broken dreams. heh but the thing is i can't find a piece. a sa shar ma ya tay woo.

Boke

Anonymous said...

ဟုတ်တယ်..အိပ်မက်တွေဆိုတာ
ခေါင်းအုံးအောက်ထဲမှာ ရှိမနေသင့်ဘူး
ခေါင်းအုံးဘေးမှာပဲထားသင့်တယ်