Wednesday, December 31, 2008

မုန်တိုင်း

လပြည့်ညတစ်ည။
ပင်လယ်ပြင်က အပျင်းကြောဆန့်လူးလွန့်ရင်း
လရောင်ကို မော့ကြည့်တယ်။
လရောင်ဖြူလွလွက ပင်လယ်ပြင်ကို
သူ့ကိုယ်ငွေ့ရောင်ခြည်တွေနဲ့
မခို့တရို့တို့ထိ ချော့မြှူဆော့ကစားနေတယ်။
ပင်လယ်ပြာက သဘောကျလို့ တခစ်ခစ်ရီလိုက်တာ
လှိုင်းကြပ်ခွပ်လေးတွေတောင်ထလို့။

ဒါကို မနာလိုတဲ့ တိမ်ညိုက
လရောင်ကို သူ့အနက်ရောင်ဝတ်ရုံထဲ
ခပ်ကြမ်းကြမ်းဆွဲသွင်းလိုက်တယ်။
တချိန်တည်းမှာပဲ ပင်လယ်ကိုပါ
ဆဲဆိုကြိမ်းမောင်း ထစ်ချုံးလိုက်တာ
ပင်လယ်ပြင်ခမျာ သနားစရာ
ဆောက်တည်ရာမရဖြစ်လို့။

တိမ်ညိုရဲ့ ဒေါသမျက်ဝန်းတွေက
တချက်တချက် ဝင်းကနဲလက်ကနဲပဲ
ဒေါသအခိုးငွေ့တွေက ဒေါသမိုးတွေအဖြစ်
ဝုန်းဒိုင်းကြဲ ပြေးဆင်းလာကြတာ
ကမ္ဘာမြေတခွင်တောင် သိမ့်သိမ့်တုန်တယ်။

ငါတို့ရဲ့ ပင်လယ်ကို မုန်တိုင်းဝင်နေပြီ၊
မကြောက်ပါနဲ့။
လာပါ။....မုန်တိုင်းထဲမှာ ရွက်လွှင့်ကြတာပေါ့။

၁၁း၃၆ pm
ီDecember 15 2008

(ဆရာတာရာမင်းဝေရဲ့ မိုး ဆိုတဲ့ကဗျာကို ဖတ်ပြီး အဲ့လို ကဗျာမျိုးလေးရေးချင်လာလို့ ဒီကဗျာလေးကို ရေးလိုက်တာ။ မမှီဘူး လုံးလုံး :()

Tuesday, December 23, 2008

အထီးကျန်


မြို့ကြီးကလည်း ထိန်ထိန်ညီးပြီး စည်ကားနေတယ်။
အချိန်ရထားကြီးကလည်း ငါ့ဘေးနားက တရှိန်ထိုးခုတ်မောင်းသွားလိုက်တာ။



သြော်...နောက်ဆုံးတော့လည်း ငါတစ်ယောက်တည်း လမ်းပေါ်မှာ ရပ်နေဆဲ။


P.S. ဒီနေ့ညနေ ရုံးကစောစော ပြန်ရောက်တယ်။ ပျင်းပျင်းနဲ့ အိမ်ရှေ့ ဝရံတာကနေ ဓါတ်ပုံတွေ လျှောက်ရိုက်နေတုန်း Amtrak ရထားဖြတ်သွားတာနဲ့ ကပျာကယာ ရိုက်လိုက်တာ။ နောက်ဆုံးပုံလေးကတော့ ရထားဖြတ်သွားပြီးမှ ရပ်ထားတဲ့ ရထားပုံလေးကို ပြန်ရိုက်ထားတာ...။

Saturday, December 20, 2008

သီချင်းမဲ့ဂစ်တာ




ဝိုင်ဝိုင်းရဲ့ သီချင်းမဲ့ဂစ်တာ ဆိုထားတာကို record လုပ်ထားတာပါ။သိပ်တော့မကောင်းဘူး။ =P

Sunday, December 14, 2008

...ခြင်း

လရောင်အောက်မှာ
salsa စည်းချက်တွေကို
cha cha နည်းနဲ့
ကိုးယိုးကားယား ကနေတဲ့ ငါ။
လှတာ၊မလှတာ ငါမသိ
ရင်ထဲမှာ ပျော်ပါဘိ။

၂း၅၁ pm
၁၂.၁၄.၂၀၀၈ (December 14 2008)

Wednesday, December 10, 2008

ငါနဲ့ငါ

ငါ့ရင်ဘတ်ထဲက လှောင်အိမ်လေးထဲမှာ
ခိုဖြူဖြူလေးတစ်ကောင်ရှိတယ်။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ မီးတောက်တစ်ခုကို
ငြိမ်းသတ်ဖို့ ငါတစ်ယောက်တည်း ခရီးထွက်ခဲ့တယ်။

လမ်းတစ်ကွေ့မှာ...
မမှည့်သေးတဲ့ ပန်းသီးတစ်လုံး ငါ့ရှေ့လိမ့်ဆင်းလာတယ်။
ပန်းသီးကို ပြုံးပြလိုက်ပြီး အတူခရီးဆက်ခဲ့တယ်။

တောင်စွယ်တစ်ခုကို ခဲရာခဲဆစ်တွယ်တက်နေတုန်း
မြင်းတစ်ကောင်ရောက်လာပြီး မေးတယ်။
သူ့ကျောပေါ်တက်လိုက်ခဲ့တဲ့။
မြင်းမပျင်းအောင် ပုံတွေပြောပြပြီးလိုက်လာခဲ့တယ်။
ငါ့ပုံတွေကို ငါ့ဟာငါ ငြီးငွေ့လာတဲ့အခိုက်
မြင်းကို နှုတ်ဆက်လိုက်တယ်။
မြင်းမျက်ရည်ကျတယ်။

မတတ်နိုင်ဘူးလေ။
ငါ့မှာက ငါ့တာဝန်နဲ့ငါ။

ဒီတစ်ခါတော့ ပန်းသီးကပြောတယ်။
သူမှည့်ပြီတဲ့။
ပန်းသီးထဲမှာ အဆိပ်ပါလား၊မပါလား
မစဉ်းစားနိုင်ဘူး။
စားမလို့ သေချာကြည့်တော့မှ
တစ်ခြမ်းက အစိမ်း၊ တစ်ခြမ်းက အနီ
အရောင်နှစ်မျိုးနဲ့ ပန်းသီး။
Adam နဲ့ Eve စားတဲ့ ပန်းသီးမျိုးမဟုတ်လို့
အပင်ပေါ် ပြန်ချိတ်ပေးလိုက်တယ်။

ရုတ်တရက် မိုးတွေ သဲသဲမဲမဲရွာချလာတယ်။
ထီးဆိုတာကို မယုံကြည်ခဲ့တဲ့ငါ
မိုးရေ နစ်ခဲ့တာ မဆန်းပါဘူး။
အဲ့ဒီအချိန်မှာ နှစ်ချို့ဝိုင်ပုလင်းက
"သိပ်ချမ်းနေရင် ငါ့ကို သောက်လိုက်ပါ"တဲ့။
"၀ိုင်ဆိုတာ ကျန်းမာရေးအတွက် ကောင်းပါတယ်၊ ဒါပေမယ့်"
ငါ့စကားတောင်မဆုံးသေးဘူး
ငါ့လည်ချောင်းထဲမှာ ခပ်ပြင်းပြင်းဝိုင်တွေ ရှတတနဲ့။
အဆုံးမသတ်နိုင်ခဲ့တဲ့ ငါ့စကား
"ဒါပေမယ့်...ငါက ရေပဲသောက်ချင်တာ။" လို့
ဆက်ပြောတော့ ၀ိုင်ပုလင်း ကျကွဲသွားတယ်။
ဝိုင်နီတွေလို့ထင်ခဲ့တာ ၀ိုင်ဖြူတွေဖြစ်နေပြန်တယ်။

မတတ်နိုင်ဘူးလေ။
ငါ့မှာက ငါ့အကြောင်းနဲ့ငါ။

ခရီးတစ်လျှောက်လုံး လှောင်အိမ်ထဲက ခိုဖြူလေးက ငြိမ်ငြိမ်မနေဘူး။
ဘယ်ကို ပျံလိုက်၊ ညာကို ပျံလိုက်နဲ့
ဆောက်တည်ရာမရ ဖြစ်နေတယ်။

ခရီးတစ်လျှောက်လုံး ငြိမ်းစေချင်တဲ့ မီးတောက်လေးက မငြိမ်းဘူး။
ဘယ်ကို ယိမ်းလိုက်၊ ညာကို ယိမ်းလိုက်နဲ့
လှလှပပ ကနေတယ်။

ကောင်းကင်ကြီး ကမ္ဘာမြေပြင်ကို ပြုံးပြတဲ့ညက
ခိုဖြူလေး လှောင်ချိုင့်ထဲကနေ လွတ်သွားတယ်။
ထူးထူးဆန်းဆန်းပဲ၊ တောက်နေတဲ့ မီးတောက်လေးလဲ ငြိမ်းသွားတယ်။
ငါလည်း သိပ်ပျော်တယ်။
ငါ့ခိုဖြူလေးလည်း အဝေးကြီးကို ပျံမသွားဘူး။
ငါ့ရင်ဘတ်ထဲမှာပဲ အတောင်တွေဖြန့်ရင်း လွတ်လွတ်လပ်လပ် အေးချမ်းစွာ ပျံသန်းနေတယ်....။


၆း၁၆ pm
၁၂.၁၀.၂၀၀၈ (December 10 2008)

Sunday, December 7, 2008

အရှုံး

ငါ့ရဲ့စေတနာကို
သူ့ရဲဥပက္ခာနဲ့
လွှမ်းမိုးချိန်မှာ
ငါ့စေတနာရဲ့ဝေဒနာ
သူမမြင်နိုင်တော့ပါ။

ဥပက္ခာကို
ဥပက္ခာနဲ့
တုံ့ယူဖို့ကြိုးစားလည်း
ထားခဲ့တဲ့စေတနာ
ကြီးမားခဲ့တာမို့
ငါ့ရဲ့ဥပက္ခာ
မယှဉ်ပြိုင်နိုင်တော့ပါ။

၀၂.၁၀.၉ ၇
(ဒီကဗျာလေးကို လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ရေးခဲ့တာပါ။ Diary ထဲမှာ "အကြောင်းတစ်ခုဆီသို့ ရည်ညွှန်း၍" လို့ ကဗျာအောက်ခြေမှာ ရေးထားပြီး ဘာအကြောင်းကိုရေးခဲ့မှန်း အခုချိန်မှာ လုံးဝကို ပြန်စဉ်းစားလို့ မရတော့ပါဘူး။)