Wednesday, December 10, 2008

ငါနဲ့ငါ

ငါ့ရင်ဘတ်ထဲက လှောင်အိမ်လေးထဲမှာ
ခိုဖြူဖြူလေးတစ်ကောင်ရှိတယ်။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ မီးတောက်တစ်ခုကို
ငြိမ်းသတ်ဖို့ ငါတစ်ယောက်တည်း ခရီးထွက်ခဲ့တယ်။

လမ်းတစ်ကွေ့မှာ...
မမှည့်သေးတဲ့ ပန်းသီးတစ်လုံး ငါ့ရှေ့လိမ့်ဆင်းလာတယ်။
ပန်းသီးကို ပြုံးပြလိုက်ပြီး အတူခရီးဆက်ခဲ့တယ်။

တောင်စွယ်တစ်ခုကို ခဲရာခဲဆစ်တွယ်တက်နေတုန်း
မြင်းတစ်ကောင်ရောက်လာပြီး မေးတယ်။
သူ့ကျောပေါ်တက်လိုက်ခဲ့တဲ့။
မြင်းမပျင်းအောင် ပုံတွေပြောပြပြီးလိုက်လာခဲ့တယ်။
ငါ့ပုံတွေကို ငါ့ဟာငါ ငြီးငွေ့လာတဲ့အခိုက်
မြင်းကို နှုတ်ဆက်လိုက်တယ်။
မြင်းမျက်ရည်ကျတယ်။

မတတ်နိုင်ဘူးလေ။
ငါ့မှာက ငါ့တာဝန်နဲ့ငါ။

ဒီတစ်ခါတော့ ပန်းသီးကပြောတယ်။
သူမှည့်ပြီတဲ့။
ပန်းသီးထဲမှာ အဆိပ်ပါလား၊မပါလား
မစဉ်းစားနိုင်ဘူး။
စားမလို့ သေချာကြည့်တော့မှ
တစ်ခြမ်းက အစိမ်း၊ တစ်ခြမ်းက အနီ
အရောင်နှစ်မျိုးနဲ့ ပန်းသီး။
Adam နဲ့ Eve စားတဲ့ ပန်းသီးမျိုးမဟုတ်လို့
အပင်ပေါ် ပြန်ချိတ်ပေးလိုက်တယ်။

ရုတ်တရက် မိုးတွေ သဲသဲမဲမဲရွာချလာတယ်။
ထီးဆိုတာကို မယုံကြည်ခဲ့တဲ့ငါ
မိုးရေ နစ်ခဲ့တာ မဆန်းပါဘူး။
အဲ့ဒီအချိန်မှာ နှစ်ချို့ဝိုင်ပုလင်းက
"သိပ်ချမ်းနေရင် ငါ့ကို သောက်လိုက်ပါ"တဲ့။
"၀ိုင်ဆိုတာ ကျန်းမာရေးအတွက် ကောင်းပါတယ်၊ ဒါပေမယ့်"
ငါ့စကားတောင်မဆုံးသေးဘူး
ငါ့လည်ချောင်းထဲမှာ ခပ်ပြင်းပြင်းဝိုင်တွေ ရှတတနဲ့။
အဆုံးမသတ်နိုင်ခဲ့တဲ့ ငါ့စကား
"ဒါပေမယ့်...ငါက ရေပဲသောက်ချင်တာ။" လို့
ဆက်ပြောတော့ ၀ိုင်ပုလင်း ကျကွဲသွားတယ်။
ဝိုင်နီတွေလို့ထင်ခဲ့တာ ၀ိုင်ဖြူတွေဖြစ်နေပြန်တယ်။

မတတ်နိုင်ဘူးလေ။
ငါ့မှာက ငါ့အကြောင်းနဲ့ငါ။

ခရီးတစ်လျှောက်လုံး လှောင်အိမ်ထဲက ခိုဖြူလေးက ငြိမ်ငြိမ်မနေဘူး။
ဘယ်ကို ပျံလိုက်၊ ညာကို ပျံလိုက်နဲ့
ဆောက်တည်ရာမရ ဖြစ်နေတယ်။

ခရီးတစ်လျှောက်လုံး ငြိမ်းစေချင်တဲ့ မီးတောက်လေးက မငြိမ်းဘူး။
ဘယ်ကို ယိမ်းလိုက်၊ ညာကို ယိမ်းလိုက်နဲ့
လှလှပပ ကနေတယ်။

ကောင်းကင်ကြီး ကမ္ဘာမြေပြင်ကို ပြုံးပြတဲ့ညက
ခိုဖြူလေး လှောင်ချိုင့်ထဲကနေ လွတ်သွားတယ်။
ထူးထူးဆန်းဆန်းပဲ၊ တောက်နေတဲ့ မီးတောက်လေးလဲ ငြိမ်းသွားတယ်။
ငါလည်း သိပ်ပျော်တယ်။
ငါ့ခိုဖြူလေးလည်း အဝေးကြီးကို ပျံမသွားဘူး။
ငါ့ရင်ဘတ်ထဲမှာပဲ အတောင်တွေဖြန့်ရင်း လွတ်လွတ်လပ်လပ် အေးချမ်းစွာ ပျံသန်းနေတယ်....။


၆း၁၆ pm
၁၂.၁၀.၂၀၀၈ (December 10 2008)

2 comments:

Anonymous said...

ရေးသမျှထဲအကြိုက်ဆုံးပဲ

လရိပ်ခင် said...

ုမြင်းစီးရင်း ပန်းသီးစားလိုက် ၀ိုင်သောက်လိုက် လုပ်နေတာမဟုတ်ဘုးလား။