Sunday, May 31, 2009

ဥပက္ခာတရားရဲ့ နောက်ဆက်တွဲ

ညက ခွေးအူတယ်။
အူတာ ခွေးသဘာဝမို့
ဘာညာဘာညာ တွေးမပူမိဘူး။

ခွေးက အူတာ အပြင်
ဟောင်ပါဟောင်လာတယ်။
ဟောင်တာလည်း ခွေးသဘာဝမို့
ဘာညာသာရကာ တွေးမကြောင်မိဘူး။

ရောင်နီလာမနက်ခင်းရောက်မှ
ပြောင်သလင်းခါနေတဲ့ သော့ပေါက်နဲ့
တောက်...
ဒီသောက်သူခိုး ခိုးသွားတာ
ငါတမြတ်တနိုး သိမ်းထားတဲ့
ငါ့ရဲ့သိက္ခာတရား...။

10း28 am
May 31 2009

(ကဗျာလေးက နဲနဲ ရင့်သီးပြီး ရိုင်းသလို ဖြစ်နေပါတယ်...။ စိတ်ထဲ ခံစားရတဲ့ အတိုင်း ရေးထားတာမို့လို့ နားလည်နိုင်ကြမယ်လို့ ထင်ပါတယ်... :P)

Tuesday, May 5, 2009

ထပ်တူကျခြင်း

ဟိုတစ်နေ့ညနေက
ခြေခင်းလက်ခင်းသာလို့
ဂစ်တာကို ကြိုးညှိပြီး
သီချင်းတစ်ပုဒ် ခပ်တိုးတိုးညည်းမိတယ်...။

ပိပိရိရိညာသွားတဲ့ ကံကြမ္မာအကြောင်း
ငါနဲ့ အတူ ဒီဂစ်တာက သိပုံရတယ်...။

ဟို အရင်တစ်ဘဝကျော် သစ်ပင်ဖြစ်စဉ်တုန်းက
တော်ခဲ့တဲ့ သူ့မဟော်ဂနီမိသားစုကိုပဲ သတိရလို့လား၊
ဒါမှမဟုတ်...
ငါကိုယ်တိုင် ဘန်းကျော်က ခနော်နီခနော်နဲ့ ငါ့မိသားစုကို သတိရနေလို့လား၊

ဂစ်တာနဲ့ ငါ့ရဲ့
စူးရှပြင်းပြတဲ့ သံစဉ်တွေဟာ
နရီစည်းချက်ကျကျ လှလှပပ
တအိအိနဲ့ ဖြာကျလာတယ်။

ဂစ်တာလည်း အလွမ်းသီချင်းတွေဆိုတယ်။
ငါလည်း အလွမ်းသီချင်းတွေဆိုတယ်။
အဲ့ဒီ့ညနေက
ဂစ်တာရယ် ငါရယ် သီချင်းလေးတွေဆိုကြတယ်....။

၂း၀၂ pm
မေ ၀၅ ၂၀၀၉