Friday, November 14, 2008

ပဟေဠိ

အဲ့ဒီညက အကြောင်းပြန်တွေးတိုင်း ပဟေဠိလိုဖြစ်နေတုန်းပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖြစ်ခဲ့ပေမယ့် မနေ့တနေ့ ကလိုပဲ။ မှတ်မှတ်ရရ အဲ့ဒီညက တော်သလင်းလပြည့်ည။ ကျွန်မတို့ သူငယ်ချင်းတစ်စု ဇော်ဝင်းထွဋ် Emperor show သွားကြည့်ပြီး ညဘက် ၁ နာရီကျော်မှ အိမ်ပြန်လာကြတယ်။ အဲ့ဒီညက ကျွန်မသူငယ်ချင်းရဲ့ sunny pick up ကားလေးနဲ့။ ကျွန်မရယ်၊ ကျွန်မနဲ့ ညီအစ်မလိုနေတဲ့ အစ်မရယ်က ကားရှေ့ခန်းမှာ ထိုင်ပြီး ကျန်တဲ့ သုငယ်ချင်းတွေကတော့ ကားနောက်ခန်းမှာပေါ့။ ကြည့်မြင်တိုင်မှာနေတဲ့ သူငယ်ချင်းကို ကြည့်မြင်တိုင်ဝင်ပို့၊ အင်းစိန်နေတဲ့ သုငယ်ချင်းကို အင်းစိန်မှာ ၀င်ပို့နဲ့ နောက်ဆုံးတော့ ရန်ကင်းမှာနေတဲ့ သုငယ်ချင်းကို ပြန်ပို့ပြီး ကျွန်မတို့ အိမ်ကို ပြန်လာကြတယ်။

ကျွန်မနဲ့ ကားမောင်းတဲ့ ကျွန်မ သူငယ်ချင်းက တစ်လမ်းတည်း အိမ်နီးချင်းတွေ။ ကျွန်မနဲ့ ညီအစ်မလိုနေတဲ့ အစ်မက ကျွန်မရဲ့အိမ်မှာ နေတာ။ အဲ့ဒါနဲ့ ရန်ကင်းစက်မှု ၁ လမ်းမကြီး အတိုင်း ကားမောင်းလာကြတာ ညဘက် ၂ နာရီလောက် ဆိုတော့ လမ်းပေါ်မှာ ဘာကားမှ မရှိဘူး။ လမ်းကြီးတစ်ခုလုံး ရှင်းနေတာပဲ။ ကျွန်မတို့ကတော့ Emperor show အကြောင်း ပြန်စမြုံ့ပြန်ပြီး ကားပေါ်မှာ စကားတပြောပြောနဲ့ လာကြတာ။ ကမ္ဘာအေး ဘုရားလမ်းနဲ့ စက်မှု ၁ လမ်းဆုံ မီးပွိုင့်မှာ မီးနီမိလို့ ရပ်ရသေးတယ်။ ကားကတစ်စီးမှကို မရှိတာ။ မီးလည်း စိမ်းရော ဘယ်ဘက်ချိုးပြီး အလာ ရုတ်တရက် “ဒိုင်း...” ဆိုတဲ့ ဟီးနိုးကားဘီး အကြီးကြီး ပေါက်တဲ့ အသံကြီးကြားပါလေရော။ သုံးယောက်စလုံး ပီပီပြင်ပြင်ကို ကြားလိုက်ရတော့ လန့်ပြီး ကားကို အင်းလျားကန်ဘောင်ဘေး ထိုးရပ်ပြီး ကားပေါ်က မဆင်းသေးပဲ ဘာဖြစ်တာလဲလို့ ကားထဲ ကနေ အပြင်ကို ကြည့်တာပေါ့။ ဘာကားမှကို မတွေ့တာ။ အဲ့ဒါနဲ့ သုငယ်ချင်းကားက ကားဘီးများ ပေါက်တာလားဆိုပြီး ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတို့ ဆင်းကြည့်ဖို့ လုပ်ကြရော။ အဲ့ဒီမှာ ကျွန်မရဲ့ အစ်မက မျက်စိပျက် မျက်နှာပျက်ပြီး မဆင်းနဲ့လို့တားတာ၊ ကျွန်မတို့က မရဘူး။ ဆင်းကြည့်ကြတယ်။ ကားဘီးလေးဘီးစလုံးကို လှည့်ပတ်ပြီး စစ်တာ။ ကားဘီးလေးဘီးစလုံး အကောင်းချည်းပဲ။ ဘာမှကို မဖြစ်ဘူး။ အဲ့ဒါနဲ့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလဲ စိတ်သက်သာရာရသွားပြီး ရီရီမောမောနဲ့ ကားပေါ် ပြန်တက်မယ်အလုပ် သုံးယောက်သား တိုင်ပင်မထားပဲ ကန်ဘောင်ပေါ်ကို လှမ်းကြည့်မိကြရော။

လပြည့်ည ဆိုတော့ လကြီးက ထိန်ထိန်သာပြီး အကြီးကြီးပဲ။ အဲ့ဒီ လရောင်အောက်မှာ မိန်းမကြီးတစ်ယောက်။ ကျွန်မတို့ကို ကျောပေးပြီး ထီးထီးကြီး ရပ်နေတာ။ လရောင်နဲ့ ကန်ဘောင်ပေါ်ကို ထင်ထင်ရှားရှားကို တွေ့ရတာ။ ထူးဆန်းတာက အဲ့ဒီ မိန်းမကြီးက ဘီးဆံပတ်အကြီးကြီး ပတ်ထားပြီး ရှေးခေတ်က အတိုင်း ဆံထုံး ထုံးထားတယ်။ ကျွန်မ အဖွားတို့ခေတ်က ပုံစံ ဆင်စွယ်ရောင် ရင်ဖုံး အင်္ကျံနဲ့။ ပြီးတော့ အနီရောင် တောက်တောက်အောက်ခံမှာ အ၀ါရောင် ပန်းပွင့်ကြီးတွေ ပုံဖေါ်ထားတဲ့ ထမီကို ၀တ်ထားပြီး ညာဘက်လက်မှာလည်း ရှေးခေတ် အမျိုးသမီးတွေကိုင်တဲ့ ယပ်တောင်လေးကို တဖျတ်ဖျတ်ခပ်ရင်း ဘယ်ဘက်လက်က ပြောင်းဖူးဖက်ဆေးလိပ် အကြီးကြီးကို ဖွာပြီး ကျွန်မတို့ကို ကျောပေးနေရာကနေ ဖြည်းဖြည်း..ဖြည်းဖြည်းချင်း ကျွန်မတို့ဘက်ကို လှည့်လာတာ။ သူ့လက်နှစ်ဘက် စလုံးမှာလည်း ရွှေလက်ကောက်ကြီးတွေနဲ့။ ကန်ဘောင်ပေါ်မှာလည်း အဲ့ဒီ မိန်းမကြီးအပြင် တခြားလူ မပြောနဲ့၊ သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှကို မတွေ့တာ။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း ဘယ်လိုပြောရမလဲ။ အညှို့ ခံထားရသလို မှင်သက်ပြီး သူ့ကို ကြည့်နေမိတာပေါ့။ သူကလည်း ဖြေးဖြေးချင်းကို လှည့်လာတာ။ သူ့မျက်နှာ တစ်ဝက်လောက်မြင်ရတော့မှ သနပ်ခါးပန်းကွက်ကျား အကြီးကြီး ကွက်ထားတယ် ဆိုတာ သတိထားလိုက်မိတယ်။ ကြက်သီးတွေ တဖြန်းဖြန်းကို ထလာတာ။ သူ့ကိုယ် တစောင်း အနေအထားလဲ ရောက်ရော ကျွန်မ အစ်မက ကျွန်မတို့နှစ်ယောက်ကို ၀ုန်းဆို လက်ဆွဲပြီး ကားဆီပြေးပါလေရော။ သုံးယောက်သား ကမူးရှုးတိုးနဲ့ ကားပေါ် ပြေးတက်ပြီး မောင်းပြေးကြတာ အိမ်ကို ဘယ်လိုပြန်ရောက် သွားမှန်းတောင် မသိလိုက်ဘူး။ ရင် တွေလည်း တုန်ပြီး ဘယ်လိုကြီးမှန်းကို မသိဘူး ဖြစ်နေတာ။

အိမ်ရောက်တော့မှ ကျွန်မ အစ်မက သူက တစ်လမ်းလုံး သံဗုဒ္ဓေရွတ်လာကြောင်းနဲ့ ကားဘီးပေါက်သံ ကြားကတည်းက သုကသိပ်မသင်္ကာလို့ မဆင်းခိုင်းတဲ့ အကြောင်းပြောတာပေါ့။ ကျွန်မနဲ့ ကျွန်မသုငယ်ချင်း ဆိုတာ ကြောက်တာ ပြောမနေပါနဲ့တော့။ မရှိဘူးဆိုရင် အနည်းဆုံး ည ၂ နာရီ ၃ နာရီ လောက် အချိန်ကြီးမှာ စက်မှု ၁ ဘက်အခြမ်းက အင်းလျားကန်ဘောင်ပေါ်မှာ ဘယ်မိန်းမကြီးက ရှေးခေတ်အ၀တ်အစားတွေ ၀တ်ပြီး ရွှေတွေနဲ့ တစ်ယောက်တည်း တက်ရဲပါ့မလဲ။ ဒါပေမယ့်...အခုအချိန်ထိ ကျွန်မတို့ အတွက်ကတော့ လူလား...နာနာဘာဝလား...ပရလောကသားလား...ဆိုပြီး ပဟေဠိဖြစ်ဆဲ....

No comments: