Tuesday, November 25, 2008

ငယ်ငယ်တုန်းက သူငယ်ချင်း

ကျွန်မမှာ ငယ်ငယ်တုန်းက သူငယ်ချင်း တစ်ယောက်ရှိခဲ့တယ်။ သူနဲ့က ကျွန်မတို့ ရှစ်တန်းမှာ စခင်ကြတာ။ အဲ့ဒီ သူငယ်ချင်းက ကျွန်မကို တော်တော်လေးခင်တယ်။ ကျွန်မကလည်း တော်တော် အစအနောက်သန်တယ်လို့ ပြောလို့ရတယ်။ သူငယ်ချင်းတွေကိုဆို အမြဲ စနောက်နေတာ။ အဲ့ဒီ သူငယ်ချင်းက သူ့ကို စပြီဆိုရင် အရမ်းစိတ်ကောက်တတ်တာ။ သူစိတ်ကောက်ပြီဆိုရင် ချော့လို့ကို မဆုံးတော့ဘူး။ စိတ်ကတော့ ပြန်ပြေပါတယ်။ ဒါပေမယ့် တော်တော်လေးတော့ကြာတယ်။ အဲ့ဒီ သူငယ်ချင်းမှာ အကျင့်တစ်ခု ရှိတာက ကျွန်မလုပ်သမျှ လိုက်လုပ်တတ်တာပဲ။ ကျွန်မရဲ့ ပထ၀ီမြေပုံလေးတွေ လှလို့ဆိုပြီး ကျွန်မတက်တဲ့ ပထ၀ီ ကျူရှင်လိုက်တက်။ ကျွန်မ ကချင်လွယ်အိတ်လွယ်ရင် သူလည်း ကချင်လွယ်အိတ် လိုက်လွယ်။ ကျွန်မ ရှားညိုရောင် ကတ္တီပါ ဖိနပ်စီးရင် သူလည်းလိုက်စီး။ ကြာတော့ ကျွန်မလည်း သူ့ကို စချင်လာပါတယ်။

ကျွန်မအိမ်မှာ ကျူရှင်တက်ကြတာဆိုတော့ နေ့လည်ထမင်းစားရင်လည်း အတူတူစားကြတယ်။ ကျွန်မက ငပိရည် အရမ်းကြိုက်တော့ ထမင်းစားရင် ငပိရည်ပါမှ ထမင်းစားတတ်တာ။ သူငယ်ချင်း မိဘတွေက အညာက။ အညာကဆိုတော့ ငပိတို့ဘာတို့ မကြိုက်ဘူး။ ရှေးရိုးလည်း ဆန်ပြီး သူဆို ဗမာဆန်ဆန် ထမိန်ပဲ ၀တ်တယ်။ အဲ့ဒါနဲ့ ကျွန်မ ငပိရည်နဲ့ စားနေတာကို သူက နံလို့ဘာလို့ ဆိုပြီး လုပ်ရော။ ကျွန်မ ကလည်း ကိုယ်အရမ်းကြိုက်တဲ့ အစာကို အဲ့လိုပြောတာကို မကြိုက်ဘူး။ အဲ့ဒါနဲ့ ကျွန်မလည်း ငပိရည် ဋီကာဖွင့်ပါလေရော။ ငပိရည်ဆိုတာ vitamins တွေရော proteins တွေရော အပြည့်ပါတာ။ ငါးကို စားတာထက်တောင် ပိုကောင်းလို့ ငါ့ အဖေနဲ့ အမေက ဥာဏ်ကောင်းအောင် ငပိရည်စားဖို့ အရမ်းအားပေးတာ ဘာညာ ဆိုပြီး လျှေက်ပြောရော။ သူက အဲ့ဒီ မှာ ယုံသွားပါတယ်။ ကျွန်မ အဖေနဲ့ အမေက ဆရာဝန်တွေ ဆိုတော့ ကျွန်မပြောတာ ဟုတ်မှာပဲ ဆိုပြီး တွေသွားပုံရတယ်။ နောက်တော့ မကြာပါဘူး။ သူ့လက်က ငပိရည်ခွက်ကို လှမ်းပြီး ငပိရည်နဲ့ ကြိတ်ပါလေရော။ မျက်နှာကို ရှုံ့မဲ့ပြီးကို စားတာ။ကျွန်မတို့လည်း အံ့ကိုသြရော။ ငပိနံ့ လုံးလုံးမခံနိုင်တဲ့သူက ငပိကို စားလို့လေ။ ကျွန်မလည်း တော်တော် စိတ်လေသွားတယ်။ မထင်ဘူးလေ။ စားလိမ့်မယ်လို့။ စိတ်ထဲမှာလည်း ငါလုပ်သမျှကို ဒီလောက်တောင် လိုက်လုပ်တာဆိုပြီး သု့ကို တော်တော်လေး စချင်သွားတယ်။

တစ်ရက်မှာ ကျွန်မတို့ သူငယ်ချင်းတွေ ကျူရှင်ဆရာ မလာသေးလို့ ကျွန်မ အခန်းထဲ ၀ိုင်းထိုင်ပြီး စကားပြောနေတုန်း ကျွန်မက သူတို့ကို ပြောတယ်။ ငါ ကင်းမြီးကောက် ထောင်တက်တယ်ပေါ့။ သူတို့က မယုံဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း သူတို့ကို ကင်းမြီးကောက် ထောင်ပြလိုက်တယ်။ ကျွန်မက အိမ်မှာနေရင် ဘောင်းဘီပဲ ၀တ်တော့ အိုကေတာပေါ့။ တော်တော်ကြာကြာ ထောင်ပြပြီးမှ ကျွန်မကလည်း သူတို့ကို တွေ့တယ်မဟုတ်လား ဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ အားလုံး မထင်ထားတာ ထဖြစ်ရော။ ဟုတ်ကဲ့...။ သူပါပဲ...။ ထမိန်လေးကို ခါးတောင်းကြိုက်ပြီး သူ့ပိန်ရှည်ရှည် ခြေထောက်ကြီးတွေ ကလန်ကလားနဲ့ မိုးပေါ်ထောင်ပြီး ကင်းမြီးကောက်ကို မရ ရအောင်ကို ထောင်ပါတော့တယ်။ အဲ့ဒီကတည်းက သူ့ကို ကျွန်မ လက်မြှေုာက်ထားတာ ယခုအချိန် အထိပါပဲ။

1 comment:

Anonymous said...

ဟားဟား...
ဘယ်သူလဲနာသိတယ်ထင်တယ်.......