Wednesday, December 31, 2008
မုန်တိုင်း
ပင်လယ်ပြင်က အပျင်းကြောဆန့်လူးလွန့်ရင်း
လရောင်ကို မော့ကြည့်တယ်။
လရောင်ဖြူလွလွက ပင်လယ်ပြင်ကို
သူ့ကိုယ်ငွေ့ရောင်ခြည်တွေနဲ့
မခို့တရို့တို့ထိ ချော့မြှူဆော့ကစားနေတယ်။
ပင်လယ်ပြာက သဘောကျလို့ တခစ်ခစ်ရီလိုက်တာ
လှိုင်းကြပ်ခွပ်လေးတွေတောင်ထလို့။
ဒါကို မနာလိုတဲ့ တိမ်ညိုက
လရောင်ကို သူ့အနက်ရောင်ဝတ်ရုံထဲ
ခပ်ကြမ်းကြမ်းဆွဲသွင်းလိုက်တယ်။
တချိန်တည်းမှာပဲ ပင်လယ်ကိုပါ
ဆဲဆိုကြိမ်းမောင်း ထစ်ချုံးလိုက်တာ
ပင်လယ်ပြင်ခမျာ သနားစရာ
ဆောက်တည်ရာမရဖြစ်လို့။
တိမ်ညိုရဲ့ ဒေါသမျက်ဝန်းတွေက
တချက်တချက် ဝင်းကနဲလက်ကနဲပဲ
ဒေါသအခိုးငွေ့တွေက ဒေါသမိုးတွေအဖြစ်
ဝုန်းဒိုင်းကြဲ ပြေးဆင်းလာကြတာ
ကမ္ဘာမြေတခွင်တောင် သိမ့်သိမ့်တုန်တယ်။
ငါတို့ရဲ့ ပင်လယ်ကို မုန်တိုင်းဝင်နေပြီ၊
မကြောက်ပါနဲ့။
လာပါ။....မုန်တိုင်းထဲမှာ ရွက်လွှင့်ကြတာပေါ့။
၁၁း၃၆ pm
ီDecember 15 2008
(ဆရာတာရာမင်းဝေရဲ့ မိုး ဆိုတဲ့ကဗျာကို ဖတ်ပြီး အဲ့လို ကဗျာမျိုးလေးရေးချင်လာလို့ ဒီကဗျာလေးကို ရေးလိုက်တာ။ မမှီဘူး လုံးလုံး :()
Tuesday, December 23, 2008
အထီးကျန်
မြို့ကြီးကလည်း ထိန်ထိန်ညီးပြီး စည်ကားနေတယ်။
အချိန်ရထားကြီးကလည်း ငါ့ဘေးနားက တရှိန်ထိုးခုတ်မောင်းသွားလိုက်တာ။
သြော်...နောက်ဆုံးတော့လည်း ငါတစ်ယောက်တည်း လမ်းပေါ်မှာ ရပ်နေဆဲ။
P.S. ဒီနေ့ညနေ ရုံးကစောစော ပြန်ရောက်တယ်။ ပျင်းပျင်းနဲ့ အိမ်ရှေ့ ဝရံတာကနေ ဓါတ်ပုံတွေ လျှောက်ရိုက်နေတုန်း Amtrak ရထားဖြတ်သွားတာနဲ့ ကပျာကယာ ရိုက်လိုက်တာ။ နောက်ဆုံးပုံလေးကတော့ ရထားဖြတ်သွားပြီးမှ ရပ်ထားတဲ့ ရထားပုံလေးကို ပြန်ရိုက်ထားတာ...။
Saturday, December 20, 2008
Sunday, December 14, 2008
...ခြင်း
salsa စည်းချက်တွေကို
cha cha နည်းနဲ့
ကိုးယိုးကားယား ကနေတဲ့ ငါ။
လှတာ၊မလှတာ ငါမသိ
ရင်ထဲမှာ ပျော်ပါဘိ။
၂း၅၁ pm
၁၂.၁၄.၂၀၀၈ (December 14 2008)
Wednesday, December 10, 2008
ငါနဲ့ငါ
ခိုဖြူဖြူလေးတစ်ကောင်ရှိတယ်။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ မီးတောက်တစ်ခုကို
ငြိမ်းသတ်ဖို့ ငါတစ်ယောက်တည်း ခရီးထွက်ခဲ့တယ်။
လမ်းတစ်ကွေ့မှာ...
တောင်စွယ်တစ်ခုကို ခဲရာခဲဆစ်တွယ်တက်နေတုန်း
မြင်းတစ်ကောင်ရောက်လာပြီး မေးတယ်။
သူ့ကျောပေါ်တက်လိုက်ခဲ့တဲ့။
မြင်းမပျင်းအောင် ပုံတွေပြောပြပြီးလိုက်လာခဲ့တယ်။
ငါ့ပုံတွေကို ငါ့ဟာငါ ငြီးငွေ့လာတဲ့အခိုက်
မြင်းကို နှုတ်ဆက်လိုက်တယ်။
မြင်းမျက်ရည်ကျတယ်။
မတတ်နိုင်ဘူးလေ။
ငါ့မှာက ငါ့တာဝန်နဲ့ငါ။
ဒီတစ်ခါတော့ ပန်းသီးကပြောတယ်။
သူမှည့်ပြီတဲ့။
ပန်းသီးထဲမှာ အဆိပ်ပါလား၊မပါလား
မစဉ်းစားနိုင်ဘူး။
စားမလို့ သေချာကြည့်တော့မှ
တစ်ခြမ်းက အစိမ်း၊ တစ်ခြမ်းက အနီ
အရောင်နှစ်မျိုးနဲ့ ပန်းသီး။
Adam နဲ့ Eve စားတဲ့ ပန်းသီးမျိုးမဟုတ်လို့
အပင်ပေါ် ပြန်ချိတ်ပေးလိုက်တယ်။
ရုတ်တရက် မိုးတွေ သဲသဲမဲမဲရွာချလာတယ်။
ထီးဆိုတာကို မယုံကြည်ခဲ့တဲ့ငါ
မိုးရေ နစ်ခဲ့တာ မဆန်းပါဘူး။
အဲ့ဒီအချိန်မှာ နှစ်ချို့ဝိုင်ပုလင်းက
"သိပ်ချမ်းနေရင် ငါ့ကို သောက်လိုက်ပါ"တဲ့။
"၀ိုင်ဆိုတာ ကျန်းမာရေးအတွက် ကောင်းပါတယ်၊ ဒါပေမယ့်"
ငါ့စကားတောင်မဆုံးသေးဘူး
ငါ့လည်ချောင်းထဲမှာ ခပ်ပြင်းပြင်းဝိုင်တွေ ရှတတနဲ့။
အဆုံးမသတ်နိုင်ခဲ့တဲ့ ငါ့စကား
"ဒါပေမယ့်...ငါက ရေပဲသောက်ချင်တာ။" လို့
ဆက်ပြောတော့ ၀ိုင်ပုလင်း ကျကွဲသွားတယ်။
ဝိုင်နီတွေလို့ထင်ခဲ့တာ ၀ိုင်ဖြူတွေဖြစ်နေပြန်တယ်။
မတတ်နိုင်ဘူးလေ။
ငါ့မှာက ငါ့အကြောင်းနဲ့ငါ။
ခရီးတစ်လျှောက်လုံး လှောင်အိမ်ထဲက ခိုဖြူလေးက ငြိမ်ငြိမ်မနေဘူး။
ဘယ်ကို ပျံလိုက်၊ ညာကို ပျံလိုက်နဲ့
ဆောက်တည်ရာမရ ဖြစ်နေတယ်။
ခရီးတစ်လျှောက်လုံး ငြိမ်းစေချင်တဲ့ မီးတောက်လေးက မငြိမ်းဘူး။
ဘယ်ကို ယိမ်းလိုက်၊ ညာကို ယိမ်းလိုက်နဲ့
လှလှပပ ကနေတယ်။
ကောင်းကင်ကြီး ကမ္ဘာမြေပြင်ကို ပြုံးပြတဲ့ညက
ခိုဖြူလေး လှောင်ချိုင့်ထဲကနေ လွတ်သွားတယ်။
ထူးထူးဆန်းဆန်းပဲ၊ တောက်နေတဲ့ မီးတောက်လေးလဲ ငြိမ်းသွားတယ်။
ငါလည်း သိပ်ပျော်တယ်။
ငါ့ခိုဖြူလေးလည်း အဝေးကြီးကို ပျံမသွားဘူး။
ငါ့ရင်ဘတ်ထဲမှာပဲ အတောင်တွေဖြန့်ရင်း လွတ်လွတ်လပ်လပ် အေးချမ်းစွာ ပျံသန်းနေတယ်....။
၆း၁၆ pm
၁၂.၁၀.၂၀၀၈ (December 10 2008)
Sunday, December 7, 2008
အရှုံး
သူ့ရဲဥပက္ခာနဲ့
လွှမ်းမိုးချိန်မှာ
ငါ့စေတနာရဲ့ဝေဒနာ
သူမမြင်နိုင်တော့ပါ။
ဥပက္ခာကို
ဥပက္ခာနဲ့
တုံ့ယူဖို့ကြိုးစားလည်း
ထားခဲ့တဲ့စေတနာ
ကြီးမားခဲ့တာမို့
ငါ့ရဲ့ဥပက္ခာ
မယှဉ်ပြိုင်နိုင်တော့ပါ။
၀၂.၁၀.၉ ၇
(ဒီကဗျာလေးကို လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ရေးခဲ့တာပါ။ Diary ထဲမှာ "အကြောင်းတစ်ခုဆီသို့ ရည်ညွှန်း၍" လို့ ကဗျာအောက်ခြေမှာ ရေးထားပြီး ဘာအကြောင်းကိုရေးခဲ့မှန်း အခုချိန်မှာ လုံးဝကို ပြန်စဉ်းစားလို့ မရတော့ပါဘူး။)
Tuesday, November 25, 2008
ငယ်ငယ်တုန်းက သူငယ်ချင်း
ကျွန်မအိမ်မှာ ကျူရှင်တက်ကြတာဆိုတော့ နေ့လည်ထမင်းစားရင်လည်း အတူတူစားကြတယ်။ ကျွန်မက ငပိရည် အရမ်းကြိုက်တော့ ထမင်းစားရင် ငပိရည်ပါမှ ထမင်းစားတတ်တာ။ သူငယ်ချင်း မိဘတွေက အညာက။ အညာကဆိုတော့ ငပိတို့ဘာတို့ မကြိုက်ဘူး။ ရှေးရိုးလည်း ဆန်ပြီး သူဆို ဗမာဆန်ဆန် ထမိန်ပဲ ၀တ်တယ်။ အဲ့ဒါနဲ့ ကျွန်မ ငပိရည်နဲ့ စားနေတာကို သူက နံလို့ဘာလို့ ဆိုပြီး လုပ်ရော။ ကျွန်မ ကလည်း ကိုယ်အရမ်းကြိုက်တဲ့ အစာကို အဲ့လိုပြောတာကို မကြိုက်ဘူး။ အဲ့ဒါနဲ့ ကျွန်မလည်း ငပိရည် ဋီကာဖွင့်ပါလေရော။ ငပိရည်ဆိုတာ vitamins တွေရော proteins တွေရော အပြည့်ပါတာ။ ငါးကို စားတာထက်တောင် ပိုကောင်းလို့ ငါ့ အဖေနဲ့ အမေက ဥာဏ်ကောင်းအောင် ငပိရည်စားဖို့ အရမ်းအားပေးတာ ဘာညာ ဆိုပြီး လျှေက်ပြောရော။ သူက အဲ့ဒီ မှာ ယုံသွားပါတယ်။ ကျွန်မ အဖေနဲ့ အမေက ဆရာဝန်တွေ ဆိုတော့ ကျွန်မပြောတာ ဟုတ်မှာပဲ ဆိုပြီး တွေသွားပုံရတယ်။ နောက်တော့ မကြာပါဘူး။ သူ့လက်က ငပိရည်ခွက်ကို လှမ်းပြီး ငပိရည်နဲ့ ကြိတ်ပါလေရော။ မျက်နှာကို ရှုံ့မဲ့ပြီးကို စားတာ။ကျွန်မတို့လည်း အံ့ကိုသြရော။ ငပိနံ့ လုံးလုံးမခံနိုင်တဲ့သူက ငပိကို စားလို့လေ။ ကျွန်မလည်း တော်တော် စိတ်လေသွားတယ်။ မထင်ဘူးလေ။ စားလိမ့်မယ်လို့။ စိတ်ထဲမှာလည်း ငါလုပ်သမျှကို ဒီလောက်တောင် လိုက်လုပ်တာဆိုပြီး သု့ကို တော်တော်လေး စချင်သွားတယ်။
တစ်ရက်မှာ ကျွန်မတို့ သူငယ်ချင်းတွေ ကျူရှင်ဆရာ မလာသေးလို့ ကျွန်မ အခန်းထဲ ၀ိုင်းထိုင်ပြီး စကားပြောနေတုန်း ကျွန်မက သူတို့ကို ပြောတယ်။ ငါ ကင်းမြီးကောက် ထောင်တက်တယ်ပေါ့။ သူတို့က မယုံဘူးတဲ့။ ဒါနဲ့ ကျွန်မလည်း သူတို့ကို ကင်းမြီးကောက် ထောင်ပြလိုက်တယ်။ ကျွန်မက အိမ်မှာနေရင် ဘောင်းဘီပဲ ၀တ်တော့ အိုကေတာပေါ့။ တော်တော်ကြာကြာ ထောင်ပြပြီးမှ ကျွန်မကလည်း သူတို့ကို တွေ့တယ်မဟုတ်လား ဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ အားလုံး မထင်ထားတာ ထဖြစ်ရော။ ဟုတ်ကဲ့...။ သူပါပဲ...။ ထမိန်လေးကို ခါးတောင်းကြိုက်ပြီး သူ့ပိန်ရှည်ရှည် ခြေထောက်ကြီးတွေ ကလန်ကလားနဲ့ မိုးပေါ်ထောင်ပြီး ကင်းမြီးကောက်ကို မရ ရအောင်ကို ထောင်ပါတော့တယ်။ အဲ့ဒီကတည်းက သူ့ကို ကျွန်မ လက်မြှေုာက်ထားတာ ယခုအချိန် အထိပါပဲ။
Sunday, November 23, 2008
စကားစကား...သတိထား
တစ်ရက်မှာ boss က ကျွန်မ project ရဲ့ rough estimate ကို လာတောင်းပါတယ်။ ဒါပေမယ့် ကျွန်မက သူ့ကို သူ လာမတောင်းခင်ကတည်းက ပေးထားပြီးသားပါ။ အဲ့ဒါကို သူက မေ့ပြီး ကျွန်မကို "...., can you give me the ball park figure of your project?" ဆိုပြီး မေးပါတယ်။ အဲ့ဒီနေ့က ကျွန်မ တော်တော်လေး အလုပ်ရှုပ်နေပါတယ်။ အလုပ်ကို တစ်ဖက်ကလုပ်နေရင်း ဘာမှ သိပ်စဉ်းစားမနေတော့ပဲ... "hmmmm.....sure, but I think you already have that ball figure. uhm!!!... I gave that to you yesterday!" လို့ ခပ်သွက်သွက် ဖြေလိုက်ရော။ အဲ့လို အလုပ်ကို ခပ်သွက်သွက် ခပ်မြန်မြန် လုပ်တာတို့ ဘာတို့ဆိုရင် ကျွန်မတို့ boss က အင်မတန် သဘောကျတာ။ ဒါပေမယ့် ဒီတစ်ခေါက် boss ဆီက ဘာသံမှ မကြားလို့ လှည့်ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက အိုးတိုးအမ်းတမ်းဖြစ်နေတယ်။ ဒါတောင် ကျွန်မ မသိသေးပါဘူး။ ကျွန်မ co-workers တွေ ခွိခွိခွိ ခွီးခွီးခွီး ဆိုပြီး ကြိတ်ရယ်သံကြားတော့မှ ငါပြောတာ ဘာမှားလို့လဲလို့။ နောက်တော့မှ park ဆိုတဲ့စကားလုံး မေ့ကျန်သွားမှန်းသိတယ်။ ဒါနဲ့ အဓိပ္ဗါယ်တွေ တစ်မျိုးဖြစ်ကုန်ရော။ ;P
သြော်...English language ရယ်...။
Saturday, November 22, 2008
လွဲမှားခြင်း
သခင့်ချစ်ခြင်းတွေက
ကျွနု်ပ်ကိုနစ်မွန်းစေခဲ့။
သခင့်အယုအယတွေက
ကျွနု်ပ်ကိုမရွှင်ပျစေခဲ့။
သခင့်ဂရုစိုက်မှုအောက်မှာ
ကျွနု်ပ်ဟာခြောက်သွေ့ခဲ့။
နောက်ဆုံးတော့...
အသက်ပါပျောက်ခဲ့။
ခွင့်လွှတ်ပါသခင်။
ကျွနု်ပ်ဟာ...
အမြဲရေမလောင်း
ပေါင်းမသင်လဲ
ရှင်နိုင်ခဲ့တဲ့ ကန္တာရဆူးပင်။
၇း၁၀ pm
၁၁.၂၂.၂၀၀၈
P.S သူငယ်ချင်းတစ်ယောက် အိမ်က သူငယ်ချင်း ရေအများကြီးလောင်းလို့ သေသွားတဲ့ ကန္တာရ ဆူးပင်လေးသို့ အမှတ်တရ။
Friday, November 21, 2008
အို....
အိပ်မရလို့ ထကာထိုင်။
မနက်ကျတော့ ယိုင်တိုင်တိုင်
ယိုင်တိုင်တိုင်နဲ့ ရုံးကိုပြေး။
ပြေးရင်းလွှားရင်း ရုံးရောက်လာ
ခေါင်းထဲမှာက ဗလာ။
ဘာလာလာ ဘာမှမသိ
Computer ရှေ့စိုက်ငေးမိ။
ငေးမိငေးရာ ငေးစဲမှာ
mail တွေက၀င်လာ။
လာသမျှ mail ပြန်ကာရေး
ပြန်စာတွေက ခပ်နှေးနှေး။
တွေးရင်း ရေးရင်းနေတုန်းမှာ
မန်နေဂျာကြီး ရောက်လို့လာ။
ပြူးတူးပြဲတဲ ကိုယ့်ကိုကြည့်
ကိုယ်လည်း ကြောင်နေမိ။
သတိရလို့ ငုံ့အကြည့်မှာ
မျက်လုံးတွေတောင်ပြာ။
ကိုယ့်ဘောင်းဘီက zip အဖြူလေး
အောက်မှာ တန်းလန်းလေး။ ;p
၁း၂၅ pm
၁၁.၂၁.၂၀၀၈
Tuesday, November 18, 2008
သူတို့ ကြားသိနိုင်ပါစေ။
ဖွားဖွား တော်တော်လေး နေမကောင်းပါဘူး။ ကျွန်မရဲ့ ကျေးဇူးရှင် အဖွားကို နောက်ဆုံး အနေနဲ့ ပြန်ပြီး ကန်တော့ချင် လို့ပါ။ ကျွန်မက လခစားဝန်ထမ်းပါ။ ကျွန်မ မချမ်းသာပါဘူး။ ဗမာနိုင်ငံသား ဘ၀ဟာ double taxed ခံရပါတယ်။ ဗမာသံရုံးကို tax မပေးချင်ဘူး။ tax ပေးရမဲ့ $၂၀၀၀ ကျော်ဟာ ကျွန်မ အဖွားရဲ့ နောက်ဆုံး အချိန်မှာ ဆေးဖိုး သုံးလို့ ရပါတယ်။
ဗမာပြည်ကြီးမှာ သယံဇာတတွေ ကြွယ်ဝတယ်ဆို။
ဗမာပြည်ကြီးမှာ သဘာဝဓါတ်ငွေ့တွေ ထွက်ပြီဆို။
ဗမာပြည်ကြီးမှာ စိန်တွေသီးနေတာတွေ Youtube မှာ တွေ့လိုက်ရတော့ တို့ဗမာပြည် ကြီးတော့ ချမ်းသာပြီဟ ဆိုပြီးဝမ်းသာနေတာ။
နောက်တော့မှ သိရတယ်။ အဲ့ဒါတွေက ဗမာပြည်ကြီးနဲ့ မဆိုင်ဘူး တဲ့။
Tax ပေးပြီး ဗမာပြည်ပြန်ရင် အဖွားကို လက်ဗလာနဲ့ ကန်တော့ရမှာပါ။
Tax မပေးပဲ ဗမာပြည်မပြန်ပဲနေရင် အဖွားကို ဆေးဖိုး ကန်တော့လို့ရမှာပါ။
တခုတော့ရှိတာပေါ့။
ကျေးဇူးရှုင်ကို နောက်ဆုံးအနေနဲ့ ကိုယ်တိုင် ကိုယ်ကျ မကန်တော့နိုင်တော့တာပါပဲ။
ပြန်လာမယ် ပြောပြီး ပြန်မလာနိုင်ခဲ့တဲ့ မြေးအတွက် အဖွား ဘာပြောမှာလဲ။
Asylum သမားများ အတွက် (တကယ် ကိုယ်ကျိုးစွန့် လုပ် နေသူများ မပါ)
သုငယ်ချင်း....
နင်စဉ်းစားကြည့်….။
ရှုပ်ထွေးပွေလီ
ဤလောကီ ရွာဝယ်
“၀” ကို “၀ိ”လုပ်
ဂုဏ်ပုဒ် တွေဖော်
မော်နိုင်ဖို့ အတွက်
တခုခုတော့လိုအပ်မြဲ….။
နင့်အဖြစ်ကို
နင်မသိလေရော့
နင့်ဖြစ်စဉ်ကို
နင်ပြန်စဉ်းစား။
ယခုအခါ
ပြည်ဗမာဝယ်
တတ်သိပညာ
မရှိပါလျက်
လက်နက်ကိုးစား
ရမ်းကားအုပ်ချုပ်
မင်းလုပ်နေတာ
ကမ္ဘာလည်းသိ
နင်လည်းသိတယ်။
ဒီခေတ်ခါဝယ်
မှန်ရာကိုပြော
မှန်တာရေးလို့
လူငယ်တစ်ယောက်
ထောင်သက်နှစ်ဆယ်
ကျခဲ့ရတယ်။
လမ်းပြခေါင်းဆောင်
နောင်တော်တစ်စု
ပြစ်မှုကဗလာနဲ့
စီရင်ချက်က
၆၅ နှစ်။
နာဂစ် အရေး
သတင်းပေးလို့
ရုံးထုတ်စစ်တော့
ထောင်နှစ်နှစ်တဲ့။
သတိလက်လွတ်
မေ့လျော့ နေလျှင်
ငါပြောပြမယ်။
နင်တို့ “၀ိ” ဖို့ အတွက်
သူတို့ရဲ့ “ဘ၀” တွေထဲက
“၀” ကို ယူသုံးခဲ့တာကို
မမေ့ကြပါနဲ့။
၅း၃၅ pm
၁၁.၁၈.၂၀၀၈
Sunday, November 16, 2008
နှလုံးသားကိုလုပ်ကြံခြင်း
အပြစ်ရှိတဲ့ ဒီနှလုံးသား
မုန်းသွားဖို့သူခိုင်းလဲ
ချစ်မြဲဆက်ချစ် ဖျက်ပစ်မရလို့
ငါ့နှလုံးသားကို ငါကိုယ်တိုင် ရက်စက်
အဆိပ်ခတ် သတ်မိပြီ။
၁၀း၂၀ am
၀၇.၂၀.၂၀၀၄
Saturday, November 15, 2008
အေၿဖမရွိပုစ ၦာ
စိတ်ကူးတိုင်းမှာ...နင်။
အချိန်တိုင်းမှာ...နင်။
ဒါပေမယ့်...
ငါ့ဘ၀ရဲ့ မရှိမဖြစ်ဟာ..
“နင်” မဟုတ်တာ ဘယ်လိုဖြစ်တာလဲဟင်....?။
၂:၃၀ pm
၀၈.၁၉ .၂၀၀၄
Friday, November 14, 2008
ပဟေဠိ
ကျွန်မနဲ့ ကားမောင်းတဲ့ ကျွန်မ သူငယ်ချင်းက တစ်လမ်းတည်း အိမ်နီးချင်းတွေ။ ကျွန်မနဲ့ ညီအစ်မလိုနေတဲ့ အစ်မက ကျွန်မရဲ့အိမ်မှာ နေတာ။ အဲ့ဒါနဲ့ ရန်ကင်းစက်မှု ၁ လမ်းမကြီး အတိုင်း ကားမောင်းလာကြတာ ညဘက် ၂ နာရီလောက် ဆိုတော့ လမ်းပေါ်မှာ ဘာကားမှ မရှိဘူး။ လမ်းကြီးတစ်ခုလုံး ရှင်းနေတာပဲ။ ကျွန်မတို့ကတော့ Emperor show အကြောင်း ပြန်စမြုံ့ပြန်ပြီး ကားပေါ်မှာ စကားတပြောပြောနဲ့ လာကြတာ။ ကမ္ဘာအေး ဘုရားလမ်းနဲ့ စက်မှု ၁ လမ်းဆုံ မီးပွိုင့်မှာ မီးနီမိလို့ ရပ်ရသေးတယ်။ ကားကတစ်စီးမှကို မရှိတာ။ မီးလည်း စိမ်းရော ဘယ်ဘက်ချိုးပြီး အလာ ရုတ်တရက် “ဒိုင်း...” ဆိုတဲ့ ဟီးနိုးကားဘီး အကြီးကြီး ပေါက်တဲ့ အသံကြီးကြားပါလေရော။ သုံးယောက်စလုံး ပီပီပြင်ပြင်ကို ကြားလိုက်ရတော့ လန့်ပြီး ကားကို အင်းလျားကန်ဘောင်ဘေး ထိုးရပ်ပြီး ကားပေါ်က မဆင်းသေးပဲ ဘာဖြစ်တာလဲလို့ ကားထဲ ကနေ အပြင်ကို ကြည့်တာပေါ့။ ဘာကားမှကို မတွေ့တာ။ အဲ့ဒါနဲ့ သုငယ်ချင်းကားက ကားဘီးများ ပေါက်တာလားဆိုပြီး ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတို့ ဆင်းကြည့်ဖို့ လုပ်ကြရော။ အဲ့ဒီမှာ ကျွန်မရဲ့ အစ်မက မျက်စိပျက် မျက်နှာပျက်ပြီး မဆင်းနဲ့လို့တားတာ၊ ကျွန်မတို့က မရဘူး။ ဆင်းကြည့်ကြတယ်။ ကားဘီးလေးဘီးစလုံးကို လှည့်ပတ်ပြီး စစ်တာ။ ကားဘီးလေးဘီးစလုံး အကောင်းချည်းပဲ။ ဘာမှကို မဖြစ်ဘူး။ အဲ့ဒါနဲ့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလဲ စိတ်သက်သာရာရသွားပြီး ရီရီမောမောနဲ့ ကားပေါ် ပြန်တက်မယ်အလုပ် သုံးယောက်သား တိုင်ပင်မထားပဲ ကန်ဘောင်ပေါ်ကို လှမ်းကြည့်မိကြရော။
လပြည့်ည ဆိုတော့ လကြီးက ထိန်ထိန်သာပြီး အကြီးကြီးပဲ။ အဲ့ဒီ လရောင်အောက်မှာ မိန်းမကြီးတစ်ယောက်။ ကျွန်မတို့ကို ကျောပေးပြီး ထီးထီးကြီး ရပ်နေတာ။ လရောင်နဲ့ ကန်ဘောင်ပေါ်ကို ထင်ထင်ရှားရှားကို တွေ့ရတာ။ ထူးဆန်းတာက အဲ့ဒီ မိန်းမကြီးက ဘီးဆံပတ်အကြီးကြီး ပတ်ထားပြီး ရှေးခေတ်က အတိုင်း ဆံထုံး ထုံးထားတယ်။ ကျွန်မ အဖွားတို့ခေတ်က ပုံစံ ဆင်စွယ်ရောင် ရင်ဖုံး အင်္ကျံနဲ့။ ပြီးတော့ အနီရောင် တောက်တောက်အောက်ခံမှာ အ၀ါရောင် ပန်းပွင့်ကြီးတွေ ပုံဖေါ်ထားတဲ့ ထမီကို ၀တ်ထားပြီး ညာဘက်လက်မှာလည်း ရှေးခေတ် အမျိုးသမီးတွေကိုင်တဲ့ ယပ်တောင်လေးကို တဖျတ်ဖျတ်ခပ်ရင်း ဘယ်ဘက်လက်က ပြောင်းဖူးဖက်ဆေးလိပ် အကြီးကြီးကို ဖွာပြီး ကျွန်မတို့ကို ကျောပေးနေရာကနေ ဖြည်းဖြည်း..ဖြည်းဖြည်းချင်း ကျွန်မတို့ဘက်ကို လှည့်လာတာ။ သူ့လက်နှစ်ဘက် စလုံးမှာလည်း ရွှေလက်ကောက်ကြီးတွေနဲ့။ ကန်ဘောင်ပေါ်မှာလည်း အဲ့ဒီ မိန်းမကြီးအပြင် တခြားလူ မပြောနဲ့၊ သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှကို မတွေ့တာ။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း ဘယ်လိုပြောရမလဲ။ အညှို့ ခံထားရသလို မှင်သက်ပြီး သူ့ကို ကြည့်နေမိတာပေါ့။ သူကလည်း ဖြေးဖြေးချင်းကို လှည့်လာတာ။ သူ့မျက်နှာ တစ်ဝက်လောက်မြင်ရတော့မှ သနပ်ခါးပန်းကွက်ကျား အကြီးကြီး ကွက်ထားတယ် ဆိုတာ သတိထားလိုက်မိတယ်။ ကြက်သီးတွေ တဖြန်းဖြန်းကို ထလာတာ။ သူ့ကိုယ် တစောင်း အနေအထားလဲ ရောက်ရော ကျွန်မ အစ်မက ကျွန်မတို့နှစ်ယောက်ကို ၀ုန်းဆို လက်ဆွဲပြီး ကားဆီပြေးပါလေရော။ သုံးယောက်သား ကမူးရှုးတိုးနဲ့ ကားပေါ် ပြေးတက်ပြီး မောင်းပြေးကြတာ အိမ်ကို ဘယ်လိုပြန်ရောက် သွားမှန်းတောင် မသိလိုက်ဘူး။ ရင် တွေလည်း တုန်ပြီး ဘယ်လိုကြီးမှန်းကို မသိဘူး ဖြစ်နေတာ။
အိမ်ရောက်တော့မှ ကျွန်မ အစ်မက သူက တစ်လမ်းလုံး သံဗုဒ္ဓေရွတ်လာကြောင်းနဲ့ ကားဘီးပေါက်သံ ကြားကတည်းက သုကသိပ်မသင်္ကာလို့ မဆင်းခိုင်းတဲ့ အကြောင်းပြောတာပေါ့။ ကျွန်မနဲ့ ကျွန်မသုငယ်ချင်း ဆိုတာ ကြောက်တာ ပြောမနေပါနဲ့တော့။ မရှိဘူးဆိုရင် အနည်းဆုံး ည ၂ နာရီ ၃ နာရီ လောက် အချိန်ကြီးမှာ စက်မှု ၁ ဘက်အခြမ်းက အင်းလျားကန်ဘောင်ပေါ်မှာ ဘယ်မိန်းမကြီးက ရှေးခေတ်အ၀တ်အစားတွေ ၀တ်ပြီး ရွှေတွေနဲ့ တစ်ယောက်တည်း တက်ရဲပါ့မလဲ။ ဒါပေမယ့်...အခုအချိန်ထိ ကျွန်မတို့ အတွက်ကတော့ လူလား...နာနာဘာဝလား...ပရလောကသားလား...ဆိုပြီး ပဟေဠိဖြစ်ဆဲ....
Wednesday, November 12, 2008
Oops....
ပျင်းလို့ ချစ်ကြည့် အပြစ်မရှိပေမဲ့
တကယ် မချစ်ခဲ့တာ ငါသာ အသိပါ။
လေတိုက်လို့ ကြွေတဲ့ ပွင့်ဖတ်ကလေးလို
ငါမိုက်လို့ ကြွေတဲ့ နင့်နှလုံးသားကို
အားနာလိုက်တာ....
၂း၃၅ pm
၀၈.၁၇.၂၀၀၄
မိဖြူ
ကြောင်လေးတွေ မြင်တိုင်း အိမ်ကကြောင် မိဖြူကို ပြေးသတိရမိတယ်။ မိဖြူကို ကျွှန်မတို့ရဲ့ အဖိုးက အိမ်မှာ ကြွက်တွေ သောင်းကျန်းလွန်းလို့ ဆိုပြီး ဘုန်းကြီးကျောင်းက တောင်းလာခဲ့တာပါ။ ဘုန်းကြီးကလည်း အဖိုးနဲ့ ခင်လို့ သူ့ ကျောင်းမှာ တစ်ကောင်ကျွေးရ သက်သာတာ နဲလားဆိုပြီး ပေးလိုက်ဟန်တူပါတယ်။
အဲ့ဒါနဲ့ မိဖြူလည်း ကျွန်မတို့အိမ် ပါလာပါရော...
အဖိုးကပဲစပြီး သူ့ကို မိဖြူလို့ ခေါ်ရင်း မိဖြူဟာ ကျွန်မတို့နဲ့ ရင်းနှီးလာပါတယ်။ ဒါပေမယ့် သုကတော့ အဖိုးကို အခင်ဆုံးပါ။ အဲဒါနဲ့..နောက်လေးငါးလလောက် ကြာတော့..တော်တော်လေး ကြီးလာပြီး ဖြူဖြူဖွေးဖွေးကြီးနဲ့ ချစ်စရာ တော်တော်ကောင်းလာတယ်...
အိမ်နားမှာလဲ ကြောင်သံပေးသံတွေ စကြားလာတာပေါ့လေ။ ကျွန်မတို့ အဖိုးကတော့ သုကျွေးလို့ တသွေးတမွေးဖြစ်လာတဲ့ မိဖြူကို ဘယ်ကြောင်နဲ့မှ သဘောမတူပါဘူး။ သေချာကို ဗိုင်းကောင်းကျောက်ဖိ ထားပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မိဖြူက သုလည်းလေ လောကီကြောင်ပေမို့ ထိန်းထားတဲ့ကြားက ရအောင်ကို အပြင်ထွက်တော့တာပါပဲ။
ညညဆို ခိုးပြီးထွက်၊ မနက်ဆို သူမဟုတ်သလိုနဲ့ ပြန်ပြန်လာ... အဖိုး စသိတုန်းကဆို ရင်ထုမနာပါပဲ။ သူ့ မှာတော့ ကြွက်တောင် မခုတ်ခိုင်းရက်ပဲ အမြဲ ငါးကြော်နဲ့ ထမင်းကို သုကိုယ်တိုင် နယ်ကျွေးတာ အခုတော့ လုပ်ရက်လေချင်း ဆိုပြီး တော်တော် ရင်ထုမနာဖြစ်လို့ပေါ့...
ကျွန်မတို့ကတော့ ပျော်သည်ပေါ့။ ကြောင်လေးတွေ ရတော့မှာကိုး..မိဖြူကိုလည်း ဆီတွေ လိမ်းပေးရ..folic acid တွေခိုးတိုက်ရ..သူ့ကို ပွတ်သပ်ပြီး ကြောင်လှလှလေးတွေ မွေးပေးဖို့..သူ နားမလည်ပေမယ့်လည်း ပြောရတာ အမော...
အဲ့လိုနဲ့ ၅လ၆လလောက် သာကြာသွားတယ်။ မိဖြူတို့ ကတော့ ညဘက်ထွက်ဆဲ... အဖိုးမှာလည်း ကြောင်မြေးလေးတွေ မျှော်ဆဲ...
တနေ့...
ကျွန်မ နေ့ခင်းအိပ်နေရာကနေ အိမ်အောက်ဖက်က ညီမ အငယ်ဆုံးရဲ့ စူးကနဲ အသံကြောင့် လန့်နိုးပြီး ကျွန်မလည်း လှေကားပေါ်ကနေ တဝုန်းဝုန်း ဒုန်းဆိုင်း ဆင်းလာလိုက်တာ အောက်လည်း ရောက်ရော မြင်ကွင်းက နားမလည်နိုင်စရာ ဖြစ်နေတယ်...
ညီမအငယ်ဆုံးက မိဖြူကို စိတ်မကောင်းစွာနဲ့ ဖက်ထားပြီး ညီမလတ်နဲ့ အိမ်က ကောင်မလေးနှစ်ယောက် ကတော့ ကြမ်းပြင်မှာ လူးလိမ့်ပြီး အူတက်မတက်ကို ရီနေတော့တာပဲ။ ဘာမေးမေး မေးလို့မရလို့ စိတ်ရှုပ်ရှုပ်နဲ့ ညီမအငယ်ဆုံးဘေး ထိုင်ချပြီး မျက်ရည်တွေဝဲပြီး ဝမ်းနည်းပက်လက် ဖြစ်နေတဲ့ သူ့ကိုပဲ မေးရပါတယ်။ ဟိုသုံးကောင်ကတော့ ရီလို့ ကောင်းတုန်း...
ဖြစ်ပုံက...
ကျွန်မ ညီမနှစ်ယောက်က မိဖြူ ကြောင်လေးတွေမွေးရင် ဘယ်နှစ်ကောင်မွေးမလဲ သိချင်လို့ဆိုပြီး ကောင်မလေးနှစ်ယောက် ပြောတဲ့အတိုင်း မိဖြူကို ပက်လက်လှန်ပြီး နို့ တွေကို ရေကြည့် ကြသတဲ့။
ပြဿနာက အဲဒီကစတာပါ။ အဲ့လို ရေကြရင်းနဲ့ ညီမအငယ်ဆုံး က “ဟဲ့..ဟဲ့...အမလေး...အဲ့ဒါ ဘာကြီးလဲ”..ဆိုပြီး ဝိုင်း ကြည့်ကြတော့ မှတဲ့...မိဖြူဟာ..ကြောင်ထီးကြီး ပါတဲ့....
ညီိမ အငယ်ကတော့ ကြောင်လေးတွေ မရတော့လို့ စိတ်မကောင်းဖြစ်တုံး..
ကောင်မလေးတွေ ကတော့ ပြန်တွေးတိုင်း ရီလို့ မဆုံး...
အဖိုး ကတော့ ပျော်လို့ မဆုံး.....
မိဖြူ ကတော့..“မိဖြူရေ..လာ...လာ” ဆိုရင်..“ညောင်....ညောင်”..ဆိုပြီး အခုအချိန်ထိ ထူးနေတုံး......
သြော်....ကျွန်မတို့ အိမ်က ကြောင်ဘဝ...
Tuesday, November 11, 2008
ကျေးဇူးတင်လွှာ
ဒီ blog လေးဖြစ်မြောက်အောင် စေတနာထက်သန်စွာဖြင့် ကူညီလုပ်ဆောင်ပေးသော ငယ်ငယ်လေးကတည်းက ခင်လာရတဲ့ မရှင်မင်းညို အား ဤနေရာမှ ကျေးဇူးအထူးတင်ရှိပါကြောင်း.....
တစ်နေ့တစ်လံ
ဤခရီး
နီးသလား
ဝေးသလား
ငါမသိ။
ဒါပေမယ့်
လှမ်းပြီးရင်း လှမ်းရင်းနဲ့
လမ်း တစ်ဝက် ရောက်ခဲ့ပြီ။
သူ ငါ့ကို
ချစ်လား
မချစ်လား
ငါ မသိ။
ဒါပေမယ့်
ချစ်ပြီးရင်း ချစ်ခဲ့တာ
ဘ၀ တစ်ဝက် ကျိုးခဲ့ပြီ။
၁၂း၂၇ am
၀၂. ၀၆. ၂၀၀၇
ငါ့ရဲ့အလင်္ကာ
ငါသည် သူ့အတွက် ပေးဆပ်၏။
သို့သော် သူမသိ၊၊
ငါသည် သူ့အတွက် စွန့်လွှတ်၏။
သို့သော် သူမသိ။
ငါသည် သူ့အတွက် စတေးခဲ့၏။
သို့သော် သူမသိ၊၊
ငါသည် သူ့ကို မြတ်နိုး၏။
သို့သော် သူမသိ။
ငါသည် သူ့ကို တန်ဖိုးထား၏။
သို့သော် သုမသိ။
ငါသည် သူ့ကို ချစ်မိခဲ့၏။
သို့သော် သူမသိ။
သူ သိသိ၊ မ သိသိ
ငါ့ ကိုယ်ငါကို
ငါ သာသိ။
သို့သော်...ကျေနပ်၏။
ည ၁၁ နာရီ။
၀၂.၀၂.၁၉ ၉ ၇
ပလုံ
ချစ်သူ....
စူးရှတဲ့ မျက်ဝန်းတွေက
မင်းကို မဆွဲဆောင်နိုင်ခဲ့.
နူးညံ့တဲ့ နှုတ်ခမ်းပါးက
မင်းနှလုံးသားကို မနူးညံ့စေခဲ့.
ကြင်နာတဲ့ အယုအယတွေက
မင်းစိတ်ကို မယိုင်နွဲ့စေခဲ့.
ဘာကြောင့်လဲ ချစ်သူရယ်...
အဖြေရှာမရ..ဒွိဟဖြစ်နေတုန်း
သိလိုက်ရတယ်..
မင်းဟာ gay တဲ့.... :(
ည ၁၀:၂၇။
၁၁.၀၉ .၂၀၀၈
ပန်း
ပြုစုပျိုးထောင်ခြင်း
အလျဉ်းမရှိတဲ့ပန်း...
ရင်ထဲမှာ လန်းဆန်းလို့
ပွင့်နေတာ တကယ်မသိခဲ့ပါ
အသည်းမှာ စူးနစ်
ဆန်းစစ် ကြည့်တော့မှ
နှလုံးသားမြေရိုင်းမှာ
ပန်းတစ်ပွင့်
သြော်.....အမြစ်တောင် တွယ်နေပါပေါ့လား....
၀၄.၂၇.၁၉ ၉ ၆
ဗလာ
စိတ်ထဲမှာလည်း
ဘာမှ မရှိဘဲ
ရောက်ရာ ပေါက်ရာ
သွားလိုက်ချင်ရဲ့....
အို....စိတ်လေရုူး
လျှောက်ကာမြူးလို့
မတော်တရော် ဖြစ်ရော့မယ်...